kyunhla Township

Home » ဘာသာရေး » ရဟန်းတော်များ အင်တာနက် သုံးခွင့်ရှိ-မရှိ

ရဟန်းတော်များ အင်တာနက် သုံးခွင့်ရှိ-မရှိ

သဖန်းဆိပ်ဆည်။ (Google Map)

ကျွန်းလှမြို့ဟောင်းကို ပြန်လည်မြင်ယောင်စေမယ့် ဗွီဒီယိုလေးပါ

ကျွန်းလှမြိုဟောင်း အမှတ်တရလေးများ။

ကျွန်းလှမြို့ဟောင်း

ကျွန်းလှမြို့ဟောင်းမှ ဓာတ်ပုံများကို ကြည့်ရန်ပုံကို ကလစ်ပါ

 

မြန်မာစာအုပ်များ Download ရယူနိုင်ပါသည်။

Photobucket

မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း

Categories

ယနေ့ ဖတ်စရာ မှတ်စရာများ

Enter your email address to follow this blog and receive notifications of new posts by email.

Join 3 other followers

Blog Stats

  • 17,249 hits

ဧည့်မှတ်တမ်း

free counters
Advertisements

Sarsana YaungChi ၏ အမေးဓာတ်ပုံ၌ မိမိကိုပါ tag ထားသောကြောင့် ဤဆောင်းပါးကိုရေး ပါသည်။ သူမေးထားသည်မှာ “ဆရာတော် အရှင်သူမြတ်တို့ဘုရား၊ ဆရာတော်များ Facebook, Blog, Internet အစရှိသည်များ သုံးစွဲနေခြင်းသည် ဆရာတော်ဘုရားများ ကျင့်ကြံလိုက်နာရမည့် ဝိနည်းတော်များ၌ ခွင့်ပြုထားပါသလား ဘုရား? ဝိနည်းတော်များနှင့် အညီ ဖြစ်ပါသလား ဘုရား?” ဟူ၍ ဖြစ်ပါသည်။

ဤနေရာ၌ ဝိနည်းတော်ဟူသည် ရဟန်းတော်များ လိုက်နာရန်အတွက် ဘုရားရှင် ပညတ်တော်မူထားသည့် ၂၂၇ သွယ်သော သိက္ခာပုဒ်တော်များကို ဆိုလိုမှန်း အများသိနိုင်ကြပါသည်။ ယခုမေးထားသော အမေးမှာ Internet သုံးစွဲခြင်းသည် ထိုသိက္ခာပုဒ်တော် များနှင့် ငြိစွန်းခြင်း ရှိ/ မရှိ မေးထားခြင်းဖြစ်သည်ဟု သဘောရပါသည်။ စင်စစ်တွင် တိတိကျကျ စစ်ဆေးလိုပါလျှင် သိက္ခာပုဒ်တော် (၂၂၇) ပါးကို တစ်ခုချင်းစီ လှန်လှောဖတ်ရှု၍ တိုက်ဆိုင်စစ်ဆေးကြရမည်သာဖြစ်ပါသည်။ ဤဖြေရှင်းချက်၌မူ ထိုမျှလောက်ထိ အသေးစိတ်နိုင်လိမ့်မည်မဟုတ်ပါ။ ၂၂၇ သွယ်သော သိက္ခာပုဒ်တော်များ၏ အုပ်စုလိုက်အရေအတွက်နှင့်၊ ပထမနှင့်ဒုတိယတန်းစား သိက္ခာပုဒ်တော်များဖြင့်သာ အကျဉ်းမျှ တိုက်ဆိုင်ပြသွားမည်ဖြစ်ပါသည်။ သိက္ခာပုဒ်တော်များကို အောက်ပါအတိုင်း ရှစ်အုပ်စု ခွဲခြားနိုင်ပါသည်။

၁) ပါရာဇိက ၄ ပါး ၊ ၂) သံဃာဒိသိသ် ၁၃ ပါး ၊ ၃) အနိယတ ၂ ပါး ၊ ၄) နိဿဂ္ဂိယပါစိတ် ၃၀ ပါး
၅) သုဒ္ဓပါစိတ် ၉၂ ပါး၊  ၆) ပါဋိဒေသနီယ ၄ ပါး ၊ ၇) သေခိယ ၇၅ ပါး ၊ ၈) အဓိကရဏသမထ ၇ ပါး။

ထိုတွင်..
ပါရာဇိက (၄)ပါးဟူသည်.. ၁)မေထုန်ပြုခြင်း၊ ၂) ခိုးခြင်း၊  ၃) လူသတ်ခြင်း၊  ၄) ဈာန်မဂ်ဖိုလ် မရဘဲ ရသည်ဟု ၀ါကြွားပြော ဆိုခြင်းတို့ ဖြစ်ပါသည်။

သံဃာဒိသေသ် (၁၃) ပါးဟူသည်.. ၁) လှုံ့ဆော်၍ သုက်လွှတ်ခြင်း ၊ ၂) ရာဂစိတ်ဖြင့် မာတုဂါမကို ကိုင်တွယ်သုံးသပ်ခြင်း ၊ ၃) မာတုဂါမအား မေထုန်နှင့်စပ်သောစကားကို ဆိုခြင်း ၊ ၄) မေထုန်အလှူခံခြင်း ၊ ၅) မိန်းမ , ယောက်ျား ၂ ဦးသားကို ပေါင်းစပ်အောင် အောင်သွယ်မှုပြုခြင်း ၊ ၆) ဆောက်လုပ်သူ ဒါယကာမရှိသော ကျောင်းကြီးကို ကိုယ်တိုင်ဆောက်ခြင်း ၊ ၇) ဆောက်လုပ်သူ ဒါယကာရှိသော်လည်း အခြားရဟန်းတို့ကို မပင့်ဘဲ ကျောင်းဆောက် နေထိုင်ခြင်း ၊ ၈) အခြားရဟန်းအား အခြေအမြစ်မရှိသော ပါရာဇိက အာပတ်ဖြင့် စွပ်စွဲခြင်း ၊ ၉) အခြားသူ၏ မေထုန်မှုကို မိမိမလိုလားသော ရဟန်းအပေါ်တင်၍ စွပ်စွဲခြင်း ၊ ၁၀) သံဃာသင်းကွဲအောင်  ပြုလုပ်ခြင်း ၊ ၁၁) သံဃာကွဲအောင် ပြုလုပ်သော ရဟန်းကိုထောက်ခံခြင်း ၊ ၁၂) သိက္ခာပုဒ်ဖြင့် ဆုံးမသည်ကို မနာခံခြင်း ၊ ၁၃) ဒကာတို့၏ သဒ္ဓါအစစ်အမှန်ကို ပျက်စီးစေတတ်သော သစ်သီးပေးခြင်း, ပန်းပေးခြင်းစသော မိစ္ဆာဇီဝ အမှုများကို  ပြုလုပ်ခြင်း တို့ ဖြစ်ပါသည်။

ဖော်ပြခဲ့ပြီးသော အဓိကအကျဆုံးဖြစ်သည့် သိက္ခာပုဒ်တော်များနှင့် တိုက်ဆိုင်စစ်ဆေးလျှင် အင်တာနက်သုံးစွဲသဖြင့် အာပတ်သင့်နိုင် မသင့်နိုင် မိမိတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ဥပမာအားဖြင့်.. ပါရာဇိက ၄ ပါးတွင် (၄) နံပါတ်ဖြစ်သည့် သိက္ခာပုဒ်တော်ကို အင်တာနက်မှလည်း ချိုးဖောက်နိုင်သည်ဖြစ်ရာ အင်တာနက်သုံးစွဲပြီး မိမိမရရှိသေးသည့် ဈာန်မဂ်ဖိုလ်တို့ကို ရရှိကြောင်း ကြွားဝါ ပြောဆိုလျှင်မူ ပါရာဇိကကျနိုင်သည်၊ သံဃာဒိသေသ် (၁၃) ပါးတွင် နံပါတ် (၃/ ၄/ ၅) စသည့်အချို့သော သိက္ခာပုဒ်တော်တို့ကို အင်တာနက်မှလည်း ချိုးဖောက်နိုင်သည်ဖြစ်ရာ မာတုဂါမအား အင်တာနက်မှတဆင့် မေထုန်နှင့်စပ်သော စကားကိုပြောဆိုလျှင်၊ မေထုန်အလှူခံလျှင်၊ မိန်းမ , ယောက်ျား ၂ ဦးသားကို ပေါင်းစပ်အောင် အောင်သွယ်မှုပြုလျှင် သံဃာဒိသေသ် အာပတ်သင့်နိုင်သည် စသည်ဖြင့် မိမိတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်ကြပါသည်။  စင်စစ် ထိုအမှုတို့ကို အင်တာနက် သုံးစွဲမှသာ ချိုးဖောက်နိုင်သည်မဟုတ်၊ အင်တာနက် မသုံးစွဲသော ရဟန်းလည်း ချိုးဖောက်နိုင်သည်သာ ဖြစ်ပါ၏။ မှန်ပါ၏။ ထိုသိက္ခာပုဒ်တော်များသည် အင်တာနက် သုံးစွဲခြင်း မရှိသောခေတ်၌ ဘုရားရှင် ပညတ်တော်မူခဲ့ရသော သိက္ခာပုဒ်တော်များပင် ဖြစ်ကြပါသည်။

အင်တာနက် သုံးစွဲခြင်း၏ အကျိုှးနှင့် အပြစ်

အင်တာနက်ဟူသည် နိုင်ငံတစ်ကာမှ ကွန်ပြူတာများကို ချိတ်ဆက်ထားသည့် ကွန်ပြူတာကွန်ယက် (International computer network) တစ်ခုပင်ဖြစ်သည်။ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များ၊ တသီးပုဂ္ဂလများတို့၏ ဝက်ဆိုဒ်စာမျက်နှာ အသီးသီးတို့ကို အင်တာနက်တွင် တွေ့နိုင်သည်။  အင်တာနက်တွင် စာကြည့်တိုက်များရှိသည်၊ သတင်းစာများရှိသည်၊ စာအုပ်ဆိုင်များ ရှိသည်၊ အပန်းဖြေစရာ ရုပ်သံလိုင်များလည်းရှိသည်။ ကလစ်ကလေး တစ်ချက် နှိပ်လိုက်ရုံဖြင့် ကမ္ဘာတဝှန်းမှ သတင်းအချက်အလက် မျိုးစုံကို အလွယ်တကူ ရယူနိုင်ကြသည်။ အာဖရိကမှ လူသည် အာရှမှ လူနှင့် အင်တာနက်မှတဆင့် အပြန်အလှန် မြင်တွေ့နိုင်၊ တိုက်ရိုက် စကားပြောနိုင်သည်။

ကျောင်းသားတစ်ယောက်အနေဖြင့်ဖြစ်စေ၊ အလုပ်ရှာဖွေ နေသူတစ်ယောက်အနေဖြင့်ဖြစ်စေ၊ ဗဟုသုတလေ့လာလိုက်စားသူတစ်ဦး အနေဖြင့်ဖြစ်စေ.. အင်တာနက်ကို အသုံးပြုပြီး အကိုးအကား အထောက်အထားများစွာကိုသာမက၊ သက်ဆိုင်ရာ Project များစွာကိုလည်း ခဏချင်းမှာ ရှာဖွေတွေ့ရှိနိုင်သည်။ ဒီကနေ့သတင်းကို သိလိုလျှင် နောက်နေ့ထုတ် သတင်းစာကို စောင့်နေရန်မလို။ ကလစ်တစ်ချက်နှိပ်လိုက်ရန်သာ လိုသည်။ ဘာသာရေးလိုက်စားသူများ အနေဖြင့်လည်း အင်တာနက်မှတဆင့် တရားဓမ္မများ နာယူနိုင်သည်၊ ရေးသားမျှဝေနိုင်သည်၊ ရှာဖွေဖတ်ရှုနိုင်သည်၊ အပြန်အလှန်ဆွေးနွေးနိုင်လေသည်။ ဤကား အင်တာနက်ကို သုံးစွဲခြင်းဖြင့် ရရှိနိုင်သည့် အကျိုးတရားများစွာထဲမှ တစ်စိတ်တစ်ပိုင်းကို ဖော်ပြရခြင်းဖြစ်ပါသည်။

မည်သည့်အရာမဆို အကောင်း အဆိုး ဒွန်တွဲနေသည်သာဖြစ်သည်။ လူများစွာတို့ အကျိုးရှိရာ ရှိကြောင်း အင်တာနက်ကို တွင်ကျယ်စွာ အသုံးပြုလာနေကြသကဲ့သို့ အင်တာနက်ကို လွဲမှားစွာ အသုံးပြုသူ တို့လည်း နေ့စဉ်နှင့်အမျှ ပေါ်ပေါက်လာနေလေသည်။ ညစ်ညမ်းဝက်ဆိုဒ်များကို ဖန်တီးကြသူများ၊ အင်တာနက်မှာ သားကောင်ရှာဖွေသူများ၊ တစ်ယောက်ကိုတစ်ယောက် လုပ်ကြံ အပုပ်ချသူများ စသဖြင့် တရားကင်းမဲ့စွာ ပြုသူများလည်း ပေါ်ပေါက်လာနေကြသည်သာဖြစ်သည်။ ထိုသူမျိုးတို့သည် လူဖြစ်စေ၊ ရဟန်းဖြစ်စေ၊ မည်သည့်နိုင်ငံသား၊ မည်သည့်ဘာသာဝင်ပင်ဖြစ်စေ ဆေးကို အဆိပ်ဖြစ်အောင် သုံးသူတို့ပင်ဖြစ်လေသည်။ ဆေးကို အဆိပ်ဖြစ်အောင် သုံးရာ၌ ဆေးကို အပြစ်မဆိုသာ၊ အကျိုးရှိအောင် အသုံးမပြုသူကိုသာ အပြစ်ဆိုရမည် ဖြစ်လေသည်။

ဤမျှဖြင့် ရဟန်းတော်များ အင်တာနက် သုံးခွင့်ရှိ-မရှိ၊ သုံးသင့်- မသုံသင့် ပြဿနာမှာ အတန် အသင့် ပြေလည်လောက်ပြီဟု ယူဆပါသည်။ ကြားဖူးခဲ့သော အဖြစ်အပျက်တစ်ခုဖြင့် နိဂုံးချုပ်လိုပါသည်။

အိမ်ခြေ (၃၀၀) ခန့်ရှိသော ရွာကြီးတစ်ရွာ၌ ခေတ်အမြင်ရှိသော ပျိုပျိုရွယ်ရွယ် စာတတ်ပေတတ် ဆရာတော်လေး တစ်ပါး ကျောင်းထိုင်လေသည်။ ရွာတွင် တစ်နှစ်ခန့်ကြာ၍ အသားကျလာသော တစ်နေ့၊ ကျောင်းတွင် စလောင်းတပ်ရန် ရွာသားများကို ခေါ်ယူဆွေးနွေးလေသည်။ မြို့ကို အရောက်အပေါက်များသော ဒကာကြီး တစ်ချို့က ကန့်ကွက်ကြ၏။ “စလောင်းနှင့်ကျောင်း ၊ ကျောင်းနှင့်စလောင်း မသင့်တော်ပါဘုရား” ဟုဆိုကြလေသည်။

ဆရာတော်လေးက “ဒကာကြီးတို့၊ ရွာသူရွာသားတွေ နိုင်ငံတကာ ဗဟုသုတ တိုးရန်သာ စလောင်းတပ်မည် ကြံပါသည်။ စလောင်းနှင့်ကျောင်း မသင့်တော်စရာ မမြင်ပါ” ဟု မိန့်၏။

ဒကာကြီးများကလည်း “ဆရာတော်မိန့်သည့် ဗဟုသုတကတစ်ကဏ္ဍ၊ ဒူးပေါ် ပေါင်ပေါ် အဖော်အချွတ်၊ ညစ်ပတ်မျိုးစုံစွာလည်း စလောင်းမှာပေါ်ပါကြောင်းဘုရား”  ဟု လျှောက်ထားကြပြန်၏။

ဆရာတော်။   ။ ကောင်းပြီ ဒကာကြီးတို့၊ မြတ်စွာဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကို ယုံကြသလား။

ဒကာများ။   ။ ယုံကြည်ကြပါသည်ဘုရား။

ဆရာတော်။  ။ ထိုဉာဏ်တော်ဖြင့် ဝေးနီးကြေညာ သိစရာမှန်သမျှ ခဏချင်းဖြင့် သိနိုင်မြင်နိုင် သည်ကိုကော ယုံကြပါသလား။

ဒကာများ။   ။ ယုံကြည်ကြပါသည်ဘုရား။

ဆရာတော်။   ။ မေးရဦးမယ်၊  ဦးဇင်းတို့ ဘုရားမြတ်စွာသည် ထိုသဗ္ဗညုတဉာဏ်တော်ကြီးဖြင့် မဟုတ်တာတွေကို ကြည့်ရှုတော်မူခဲ့လိမ့်မယ်လို့ကော ထင်ကြသလား။

ဒကာကြီးများ အင်တင်တင်ဖြစ်သွားကြ၏။ “မဟုတ်တာ ကြည့်ခဲ့လိမ့်မယ်ဟု မထင်ကြောင်းပါဘုရား” ဟု လျှောက်ကြရ၏။

ဆရာတော်လေးက “ သဗ္ဗညုတ ဉာဏ်တော်နဲ့ စာလိုက်ရင် စလောင်းက ဘာဟုတ်သေးလို့တုန်း ဒကာကြီးတို့ရ၊ ဦးဇင်းတို့လည်း ဘုရားသားတော်တွေပါဗျ၊ စိတ်ချပါ။ မဟုတ်တာတွေ မကြည့်ရပါဘူး” ဟု အနားသတ်လေသည်။

ယခုလည်း Sarsana YaungChi ကို ပြောပါရစီ။ “ကျုပ်တို့လည်း ဘုရားသားတော်တွေပါဗျ၊ Sarsana YaungChi ရ၊ စိတ်ချပါ၊ အင်တာနက်သုံးပြီး၊ မဟုတ်တာတွေ မလုပ်၊ မဟုတ်တာတွေ မကြည့်ရပါဘူးဗျ”။

{ လိုအပ်သည့် အချက်အလက်များကို အင်တာနက်မှ ရှာဖွေ၍ ဤဆောင်းပါးကို ရေးပါသည်။ 🙂  }
ရွှင်လန်းကြပါစေ။

မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)

Posted by အရှင်ဝိသာရဒ(ရမ္မာဝတီ) at 1:12 PM
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: